ပုံစံပြောင်းပြီး ဈေးရောင်းနေရသည့် ပျံကျဈေးသည်များ

09 Oct 2020

COVID-19 ရောဂါအခြေအနေကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း stay at home အဖြစ်သတ်မှတ်ထားသည့် ကာလများတွင် ပျံကျဈေးသည်များအနေဖြင့် အရင်အတိုင်း လမ်းဘေးဈေးပုံစံနှင့် ရောင်းချနိုင်ခြင်းမရှိတော့ပဲ တွန်းလှည်းများ၊ မော်တော်ယာဉ်များကို အသုံးပြုကာ ရွေ့လျားဈေးရောင်းချရသည့် ပုံစံဖြင့် ရောင်းချနေကြသည်ကို တွေ့ရှိရသည်။

ရွေ့လျားဈေးရောင်းချသည့်ပုံစံဖြင့် အထပ်မြင့်အဆောက်အဦးများရှိရာ လမ်းသွယ်များတွင် ဈေးရောင်းချရာတွင် အခက်အခဲများရှိကာ လက်ကိုင်စပီကာအသုံးပြုပြီး ရောင်းချရသည်မှာ ရပ်ကွက်နေပြည်သူအချို့က ကြိုက်နှစ်သက်ခြင်းမရှိသောကြောင့် အချို့မှာ အသုံးမပြုပဲ ရောင်းချရကြောင်း ပျံကျဈေးသည်များက ဆိုသည်။ အချို့လမ်းသွယ်များသို့ ဝင်ရောက် ရောင်းချခြင်းကို ပိတ်ပင်တားမြစ်ထားသောကြောင့် လမ်းထိပ်များတွင်သာ တွန်းလှည်းများဖြင့် ဈေးဗန်းခင်းရောင်းချကြရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင်  stay at home ကာလအား ထပ်မံတိုးမြှင့်ထားပြီး အောက်တိုဘာ ၂၁ ရက်ထိ ရက်တိုးမြှင့်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် လက်ရှိအချိန်ထိ COVID -19 ရောဂါပိုးတွေ့ရှိသူ နှစ်သောင်းတစ်ထောင်ကျော်ရှိပြီး  ၅၁၀ ဦး သေဆုံးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားကာ ရန်ကုန်တိုင်းဒေသကြီးမှာ ရောဂါပိုးတွေ့ရှိသူအများဆုံးဖြစ်ကြောင်း သိရသည်။

Credit to : ဓာတ်ပုံ - အောင်ကျော်ထက် /ဧရာဝတီ