သမဝါယမအသင်းများအား လယ်ယာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ထုတ်ချေးပေးလျက်ရှိသည့် EXIM Bank ချေးငွေကိစ္စ၊ Daedong လယ်ယာသုံး စက်ကိရိယာများ အရစ်ကျရောင်းချပေးလျက်ရှိသည့် ကိစ္စများနှင့်ပတ်သက်၍ စက်တင်ဘာလ၄ရက်နေ့က Video Conferencing စနစ်ဖြင့် အစည်းအဝေးပြုလုပ်ခဲ့ရာ သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေသမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဗဟိုသမဝါယမအသင်းနှင့် တိုင်းဒေသကြီး၊ ပြည်နယ်သမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်းစုချုပ်များမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေး ခဲ့ကြကြောင်း သိရှိရပါတယ်။
အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်က ယခုကိုဗစ်-၁၉ရောဂါကာလအတွင်း လှုပ်ရှားဆောင်ရွက်နေရသည့် သမဝါယမအသင်းသား တောင်သူများ၏ အခက်အခဲများရှိကြောင်း၊ ယင်းအခက်အခဲများအပေါ် ညှိနှိုင်းပေါင်းစပ် ကြိုးပမ်းအားထုပ် ဆောင်ရွက်နေခြင်းအပေါ် အသိအမှတ်ပြုကျေးဇူးတင်ကြောင်း၊ အတတ်နိုင်ဆုံးတာဝန်ယူမှု၊ တာဝန်ခံမှုများနှင့် ဝိုင်းဝန်းကြံဆပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးခဲ့ပါတယ်။
အဲဒီနောက် အစည်းအဝေးတက်ရောက်လာကြသည့် တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးနှင့် သမဝါယမအသင်းစုချုပ်များကလည်း လုပ်ငန်းဆောင်ရွက်ရာတွင် ပေါင်းစပ်ညှိနှိုင်းကာ ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ သိရှိရပါတယ်။
တနင်္သာရီတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် စက်တင်ဘာလ၆ရက်နေ့က ပလမြို့ အမှတ်(၃)ရပ်ကွက် ရွှေမော်သိမ်ဓမ္မာရုံ၌ ပလမြို့မြို့ပေါ်ရပ်ကွက်များရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါတယ်။
တွေ့ဆုံဆွေးနွေးပွဲတွင် ဝန်ကြီးက နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးရန်ကျန်ရှိနေသည့် ပြည်သူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးရန်၊ လာမည့်အထွေထွေရွေးကောက်ပွဲတွင် ပါဝင်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် မဲဆန္ဒရှင်စာရင်းများကို ကြည့်ရှုကြရန်၊ ပြင်ဆင်ရန်လိုအပ်သည်များအတွက် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်များထံမှ ပုံစံများတောင်းခံ၍ပြင်ဆင်ရန်၊ ပလမြို့၌ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ပါက အချိန်မီသတင်းပေးပို့ကြရန်နှင့် အချိန်နှင့်တစ်ပြေးညီသိရှိမှသာ လိုအပ်သောပံ့ပိုးမှုများကို အမြန်ဆုံး ဆောင်ရွက်ပေးနိုင်မှာဖြစ်ကြောင်း ဆွေးနွေးခဲ့ပါတယ်။
အဲဒီနောက် ပုလောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်နှင့် ဌာနဆိုင်ရာများက ဌာနအလိုက် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုလု ပ်ငန်းစဥ်များကို ရှင်းလင်းတင်ပြခဲ့ကြပြီး ဒေသခံပြည်သူများကလည်း သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြကြောင်း သိရှိရပါတယ်။
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များပါဝင်သည့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရပါတယ်။
စက်တင်ဘာလ၆ရက်နေ့ နံနက်၉နာရီခွဲမှစတင်၍ နှာခေါင်းစည်းများကို ပြင်ဦးလွင်မြို့ မင်းကြီးသုံးပါးရှေ့နေရာ၊ BOC နှင့် မြို့တော်ခန်းမရှေ့ မန္တလေး-လားရှိုးသွား ကားလမ်းနေရာ၊ ကန်တော်ကြီးသွား ဂန္ဓမာမြိုင်အဝိုင်းနေရာ၊ ချယ်ရီလမ်းနေရာတို့နှင့် အနီးစခန်းသံမဏိစက်ရုံရှေ့ (မြို့ရှောင်လမ်းဆုံ) နေရာတို့တွင် ခရိုင်နှင့်မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် နှာခေါင်းစည်း၄၀၀၀၀လှူဒါန်းသည့် ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၁၀) ချယ်ရီလမ်းနေ ဦးရဲတင့်-ဒေါ်အေသင်ကို မိသားစု၊ ဆီကောင်းစံရိုးရာမြေပဲ၊ ဆုံဆီရောင်းဝယ်ရေးနှင့် နှာခေါင်းစည်း၁၅၀၀၀လှူဒါန်းသည့် ပြင်ဦးလွင်(အခမဲ့) လူမှုကူညီရေးအသင်းဥက္ကဌ ဦးထွန်းထွန်းနှင့် အသင်းဝင်များက နှာခေါင်းစည်းများနှင့် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရပါတယ်။
မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ်အတွင်းရှိ အသက်၈၅နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် မသန်စွမ်းသူများအား ထောက်ပံ့ငွေများကို စက်တင်ဘာလ၆ရက်နေ့က အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါတယ်။
ထိုသို့ ထောက်ပံ့ငွေများပေးအပ်ရာတွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများသည် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများမှ အသက်၈၅နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် မသန်စွမ်းသူများအားတစ်ဦးလျှင် ငွေကျပ်သုံးသောင်းနှုန်းဖြင့် သက်ကြီးဘိုးဘွား ၂၀၂ ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေ ငွေကျပ် ၆၀၆၀၀၀၀ နှင့် မသန်စွမ်းသူ ၈၈ဦးအတွက် ထောက်ပံ့ငွေ ငွေကျပ် ၂၆၄၀၀၀၀ တို့ကို အိမ်တိုင်ရာရောက် ထောက်ပံ့ပေးခဲ့ကြောင်းသိ ရှိရပါတယ်။
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ် ကြက်ခြေနီအသင်းခွဲမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ တပ်စုမှူး ဦးကျော်စိုးနှင့် ကြက်ခြေနီ စေတနာလုပ်အားရှင် ၁၅ ဦးသည် စက်တင်ဘာလ၇ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ ရဲတပ်ဖွဲဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းကာ ကျောက်တစ်လုံးမြို့စျေး အတွင်းရှိ စျေးသည်များနှင့် စျေးဝယ်လာသူများကို ကိုဗစ် ၁၉ ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်းများ ပေးဝေ၍ စနစ်တကျတပ်ဆင်ရန် အသိပညာပေးခြင်း၊ ပိုစတာများကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါတယ်။
အလားတူဒေသအသီးသီးမှ ကြက်ခြေနီ စေတနာလုပ်အားရှင်များသည် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲများနှင့် ပူးပေါင်းကာ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ပါဝင်ဆောင်ရွက်လျက်ရှိပြီး လိုအပ်သည်များကို မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် တိုင်းဒေသကြီး/ပြည်နယ် ကြက်ခြေနီကြီးကြပ်မှု ကော်မတီများက ပံ့ပိုးပေးလျှက်ရှိကြောင်း သိရှိရပါတယ်။