ရန်ကုန်မှာ လာမယ့် ၃ပတ်အတွင်း ကိုဗစ်ကို ထိန်းချုပ်နိုင်မည်ဟု ယုံကြည်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော

16 Sep 2020

ရန်ကုန်တိုင်းမှာ ပြည်သူများရဲ့ ပူးပေါင်းပါဝင်မှုများ ရှိလာခြင်းကြောင့် လာမယ့် ရက်သတ္တပတ် ၂ပတ်၊ ၃ ပတ် လောက်မှာ ကိုဗစ်-၁၉အခြေအနေကို ထိန်းချုပ်နိုင်မည့်အခြေအနေတစ်ခုကို ရရှိနိုင်မည်ဟု ယုံကြည်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုလိုက်ပါတယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် စက်တင်ဘာလ ၁၅ရက်နေ့က ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးမှာ ရန် ကုန်တိုင်းအတွင်း COVID-19 ရောဂါနဲ့စပ်လျဉ်းပြီး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ပြည်သူများသို့ ရှင်း လင်းပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားထားသည့် Stay at Home အစီအစဉ်တွေကိုလည်း တိတိကျကျ လိုက် နာ ဆောင်ရွက်စေချင်ပါတယ်။ အပြင်ကို မလိုလားအပ်ဘဲ ထွက်တာမျိုး မပြုလုပ်ကြဖို့နဲ့ Mask တပ်သွားကြဖို့ ပြော ချင်ပါတယ်”လို့ ၎င်းက ပြောပါတယ်။ ယခုကဲ့သို့ အစီအစဉ်များကို ပြည်သူတစ်ဦးချင်းစီအနေနဲ့ လိုက်နာဆောင်ရွက်သွားကြမည်ဆိုပါက ရန်ကုန်တိုင်း အတွင်းမှာ ကူးစက်ရောဂါကို ထိန်းချုပ်နိုင်မည့်အခြေအနေရရှိမှာဖြစ်သလို ရန်ကုန်တိုင်းမှာ ကုသရေးစင်တာ များ အလုံအလောက် ထပ်မံထားရှိနိုင်သည့်အခြေအနေများ ရှိသေးတယ်လို့လည်း ဆိုပါတယ်။

ပြည်သူများရဲ့ စိုးရိမ်ပူပန်မှုများကို အစိုးရအနေနဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနနဲ့ပူးပေါင်းကာ ဆောင်ရွက်နေသည့်အတွက် ပြည်သူများ လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေမှာ စိုးရိမ် မလွန်ကဲရန် ရန်ကုန်တိုင်းဝန်ကြီးချုပ်က အသိပေးပြောဆိုခဲ့တာဖြစ်ပါတယ်။