ငါးနှစ်တွင် တစ်ရက်သာ အချိန်ပေးရသည့် တာဝန်ကို ကျေပွန်ကြမည်ဟု ယုံကြည်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

08 Sep 2020

နိုင်ငံသူ နိုင်ငံသားများအနေဖြင့် ၅ နှစ်တွင် တစ်ရက်သာ အချိန်ပေးရသည့် တာဝန်အား ကျေပွန်အောင် လုပ်ကြမည်ဟု မျှော်လင့်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမှတွင် သြဂုတ် ၅ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်သော COVID-19 ကာလ ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး တာဝန်ရှိသူများနှင့် ရုပ်သံမှ တွေ့ဆုံ ဆွေးနွေးရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံသူ နိုင်ငံသားများဟာ ၁၈ နှစ် ပြည့်ပြီးတော့ တိုင်းရင်းသား မိဘနှစ်ပါးက ဖွားမြင်တယ် ဆိုလို့ရှိရင် သူတို့မှာ မဲပေးပိုင်ခွင့် ရှိတယ်။ မဲပေးပိုင်ခွင့် ရှိတာနဲ့အမျှ ကျွန်မရဲ့ အယူအဆကတော့ တာဝန်လည်း ရှိတယ်။ ကိုယ့်နိုင်ငံမှာကိုယ် တာဝန်ယူချင်တဲ့ စိတ်က လူတိုင်းလူတိုင်းမှာ ရှိရမယ်။ ကိုယ်ကြိုက်သလို မဲပေးရမယ်။ ဒါပေမဲ့ မဲမပေးဘဲနဲ့တော့ ဒီစနစ်ကြီးကို မကြိုက်ဘူး၊ ဟိုဟာမကြိုက်၊ ဒီဟာမကြိုက်ဘူးလို့ ပြောတာက အင်မတန် တာဝန်မဲ့တာပဲ။ ၅ နှစ်မှာမှ တစ်ရက် အချိန်ပေးရတဲ့ တာဝန်ကို ကျေပွန်အောင် လုပ်ဖို့ နိုင်ငံသူနိုင်ငံသား အားလုံးက လုပ်ဖို့ ရှိပါတယ်။ အများစုက လုပ်ချင်တယ်လို့ ကျွန်မ ယုံကြည်ပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ရွေးကောက်ပွဲတွင် မဲပေးနိုင်ရေးမှာ နိုင်ငံသူ နိုင်ငံသားများ၏ ရပိုင်ခွင့် ဖြစ်သကဲ့သို့ တာဝန်လည်း ဖြစ်ပြီး ယင်းသို့ မဲပေးနိုင်ရန် အတွက် မဲစာရင်းမှန်ကန်ရေးမှာ အလေးထားရမည့် ကိစ္စဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောကြားသည်။